ပညာရှိသော ငုံးလေး

တခါတုန်းက ရွာကလေးတစ်ရွာမှာ ငှက်မုဆိုးတစ်ယောက်ရှိသတဲ့။ သူက ငုံးငှက်တစ်မျိုးတည်းကိုပဲ ထောင်ချောက်ဆင်ပြီး ဖမ်းတယ်။ဖမ်း မိတဲ့ငုံးတွေကို ချက်ချင်းမရောင်းသေးဘူး၊ အစာရေဆာကောင်းကောင်းကျွေးပြီး အိမ်မှာထားတယ်။ ငုံးငှက်တွေဆူဖြိုးဝဖီးလာပြီး ရောင်းပန်းဝယ်ပန်းလှ၊ ဈေးကောင်းရတဲ့အချိန်မှ ထုတ်ရောင်းလေ့ရှိတယ်။တစ်နေ့မှာတော့ မုဆိုးဟာ တောထဲကနေ ငုံးတွေအမြောက်အများဖမ်းမိလာတယ်။သူက ဖမ်းမိလာတဲ့ ငုံးတွေအားလုံးကို လှောင်အိမ်ထဲထည့်ပြီး လှောင်ထားလိုက်တယ်။ သူလုပ်နေကျအတိုင်း ရေနဲ့တကွ ဆန်၊ စပါး၊ ပြောင်းစေ့စတဲ့ အစာတွေကို စိတ်တိုင်းကျနိုင်အောင် ထည့်ပေးထားတယ်။ငုံးတွေဟာ တောထဲမှာ တောင်မစားရတဲ့ အစားကောင်း အသောက်ကောင်းတွေကို စိတ်တိုင်းကျ စားရတာကြောင့် အားပါးတရ စားကြတယ်။အစာကို ဘယ်လောက်များခုံမင်တပ်မက်ကြသလဲဆိုရင် အချိန်မရွေးကျရောက်နိုင်ပြီး အလွန်နီးကပ်လာနေတဲ့ သေခြင်းတရားကိုတောင် မေ့လျော့နေကြတယ်၊ သတိလက် လွတ်ဖြစ်နေကြတယ်။ဒါပေမဲ့..အဲဒီငုံးတွေထဲက တစ်ကောင်သော ငုံးငှက်ကတော့ သတိလက်လွတ်မဖြစ်ဘူး၊ မုဆိုးရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မယ့် လမ်းစကိုပဲ စဉ်းစားတွေးတောနေတယ်။သူက ငုံးလာဝယ်တဲ့သူတွေဟာ အလှမွေးဖို့ လာဝယ်ကြတာမဟုတ်ဘူး၊ အစာအာဟာရအ တွက် လာဝယ်ကြတာဖြစ်တယ်။ နောက်ပြီး ဆူဖြိုးတဲ့ငှက်ကို ဈေးကောင်းပေးဝယ်တယ်ဆိုတာကို သတိထားမိတယ်။ အစာတွေနင်းကန်စားပြီး ဝအစ်နေတဲ့ ငုံးဟာ စောစော သေမယ်ဆိုတာလည်း တွေးမိလိုက်တယ်။”ငါဟာ ကြုံလှီပြီးပိန်ချုံးနေရင် ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါအသတ်မခံရတော့ဘူး၊ ငါ့ရဲ့ ကိုယ်ခန္ဓာကြုံလှီသွားအောင် ငါအစာမစားဘဲနေမယ်..”ပညာရှိတဲ့ငုံးဟာ အဲဒီအချိန်ကတည်းက စပြီးမစားတော့ဘူး၊ အစာမစားတဲ့အတွက် တစ်နေ့တခြားပိန်ချုံးလာတယ်။

သူကသူ့အကြံနဲ့ သူအစာမစားတာကို အကြောင်းမသိတဲ့ ငုံးတွေက ကဲ့ရဲ့စကားပြောကြတယ်။ သတ္တဝါဖြစ်လာမှတော့ ဒီနေ့မသေ၊ ဟိုနေ့သေမှာပဲ ဟိုနေ့မသေလည်း နောက်နေ့သေရမှာပဲ။ ဒါကိုတွေးကြောက်နေလို့ ဘာအကျိုးရှိမှာလဲ၊ အသက်ရှင်နေထိုင်ခွင့်ရခိုက်မှာ ပျော်ပျော်နေရမယ်၊ကောင်းကောင်းစားရမယ်၊ စိတ်ဆင်းရဲပြီး ပိန်ချုံးနေတဲ့အထိတော့ အဖြစ်မခံနိုင်ဘူး စတဲ့ စကားတွေစောင်းမြောင်းပြောကြတယ်။ ဘယ်လိုပဲပြောကြပြောကြ သူကတော့ ဘာမှပြန်မပြောဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း အစာမစားဘဲ နေမြဲနေတယ်။”ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ တစ်နေ့အဖြေပေါ်လာလိမ့်မယ် ” လို့ပဲ စိတ်ထဲက ကြုံးဝါးနေတယ်။ သိပ်မကြာလိုက်ဘူး၊ သူကြိုတင်တွေးဆထားတဲ့အတိုင်းပဲ၊ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတယ်။ မုဆိုးကျွေးတဲ့ အစားအသောက်ကောင်းတွေကို စိတ်ကြိုက်စားပြီး ဝဖြိုးလာတဲ့ ငုံးတွေဟာ တစ်ကောင်ပြီးတစ်ကောင်ဆိုသလို ဝယ်သူတွေ လက်ထဲပါသွားကြတယ်။ကြုံလှီနေတဲ့သူ့ကိုတော့ ဘယ်သူကမှ မဝယ်ဘူး၊ယောင်လို့တောင် လက်ညိုးထိုးပပြကြဘူး၊ဒီလိုနဲ့ နောက်ဆုံးမှာသူတစ်ကောင်ကလွဲပြီး လှောင်အိမ်ထဲက ငုံးတွေအကုန်လုံး ဝယ်ယူသူတွေနောက်ပါသွားကြတယ်။ လှောင်အိမ်ထဲမှာ ပိန်ချုံးနေတဲ့သူတစ်ကောင်တည်းကျန်ခဲ့တယ်။” ဒီကောင်တအား ပိန်ချုံးနေပါလား၊ အစာလည်းတစ်ရက်မှ စားတာမတွေ့ဘူး၊ နေများ မကောင်းလို့လား ..”မုဆိုးဟာ လှောင်အိမ်တံခါးကိုဖွင့်ပြီး သူ့ကိုထုတ်ယူတယ်။ လက်ဝါးတစ်ဖက်ပေါ်တင်ပြီး သေသေချာချာကြည့်တယ်။ ဒီအချိန်မှာပဲ”ဖလူး..”ရုတ်တရက် ငုံးငှက်ဟာ လျင်မြန်တဲ့အဟုန်နဲ့ ပျံသန်းသွားတယ်။ မုဆိုးဟာ အံ့အားသင့်ပြီး ကျန်နေတယ်။ တော်တော်ကြာမှ ငုံးငှက်ရဲ့ ပရိယာယ်ကို သဘောပေါက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သတဲ့။ Moral – ပညာရှိသူဟာဉာဏ်နဲ့ဘေးအန္တရာယ်ကလွတ်အောင်ကြံဆောင်လေ့ရှိတယ်။

Credit – မောင်မှိုင်းညို့(ချောင်းဦး)

[zawgyi]

တခါတုန္းက ႐ြာကေလးတစ္႐ြာမွာ ငွက္မုဆိုးတစ္ေယာက္ရွိသတဲ့။ သူက ငုံးငွက္တစ္မ်ိဳးတည္းကိုပဲ ေထာင္ေခ်ာက္ဆင္ၿပီး ဖမ္းတယ္။ဖမ္း မိတဲ့ငုံးေတြကို ခ်က္ခ်င္းမေရာင္းေသးဘူး၊ အစာေရဆာေကာင္းေကာင္းေကြၽးၿပီး အိမ္မွာထားတယ္။ ငုံးငွက္ေတြဆူၿဖိဳးဝဖီးလာၿပီး ေရာင္းပန္းဝယ္ပန္းလွ၊ ေဈးေကာင္းရတဲ့အခ်ိန္မွ ထုတ္ေရာင္းေလ့ရွိတယ္။တစ္ေန႔မွာေတာ့ မုဆိုးဟာ ေတာထဲကေန ငုံးေတြအေျမာက္အမ်ားဖမ္းမိလာတယ္။သူက ဖမ္းမိလာတဲ့ ငုံးေတြအားလုံးကို ေလွာင္အိမ္ထဲထည့္ၿပီး ေလွာင္ထားလိုက္တယ္။ သူလုပ္ေနက်အတိုင္း ေရနဲ႔တကြ ဆန္၊ စပါး၊ ေျပာင္းေစ့စတဲ့ အစာေတြကို စိတ္တိုင္းက်ႏိုင္ေအာင္ ထည့္ေပးထားတယ္။ငုံးေတြဟာ ေတာထဲမွာ ေတာင္မစားရတဲ့ အစားေကာင္း အေသာက္ေကာင္းေတြကို စိတ္တိုင္းက် စားရတာေၾကာင့္ အားပါးတရ စားၾကတယ္။အစာကို ဘယ္ေလာက္မ်ားခုံမင္တပ္မက္ၾကသလဲဆိုရင္ အခ်ိန္မေ႐ြးက်ေရာက္ႏိုင္ၿပီး အလြန္နီးကပ္လာေနတဲ့ ေသျခင္းတရားကိုေတာင္ ေမ့ေလ်ာ့ေနၾကတယ္၊ သတိလက္ လြတ္ျဖစ္ေနၾကတယ္။ဒါေပမဲ့..အဲဒီငုံးေတြထဲက တစ္ေကာင္ေသာ ငုံးငွက္ကေတာ့ သတိလက္လြတ္မျဖစ္ဘူး၊ မုဆိုးရဲ႕ ေလွာင္အိမ္ထဲကေန လြတ္ေျမာက္ႏိုင္မယ့္ လမ္းစကိုပဲ စဥ္းစားေတြးေတာေနတယ္။သူက ငုံးလာဝယ္တဲ့သူေတြဟာ အလွေမြးဖို႔ လာဝယ္ၾကတာမဟုတ္ဘူး၊ အစာအာဟာရအ တြက္ လာဝယ္ၾကတာျဖစ္တယ္။ ေနာက္ၿပီး ဆူၿဖိဳးတဲ့ငွက္ကို ေဈးေကာင္းေပးဝယ္တယ္ဆိုတာကို သတိထားမိတယ္။ အစာေတြနင္းကန္စားၿပီး ဝအစ္ေနတဲ့ ငုံးဟာ ေစာေစာ ေသမယ္ဆိုတာလည္း ေတြးမိလိုက္တယ္။”ငါဟာ ႀကဳံလွီၿပီးပိန္ခ်ဳံးေနရင္ ဘယ္သူကမွ ဝယ္မွာ မဟုတ္ဘူး၊ ဒါဆိုရင္ ငါအသတ္မခံရေတာ့ဘူး၊ ငါ့ရဲ႕ ကိုယ္ခႏၶာႀကဳံလွီသြားေအာင္ ငါအစာမစားဘဲေနမယ္..”ပညာရွိတဲ့ငုံးဟာ အဲဒီအခ်ိန္ကတည္းက စၿပီးမစားေတာ့ဘူး၊ အစာမစားတဲ့အတြက္ တစ္ေန႔တျခားပိန္ခ်ဳံးလာတယ္။သူကသူ႔အႀကံနဲ႔ သူအစာမစားတာကို အေၾကာင္းမသိတဲ့ ငုံးေတြက ကဲ့ရဲ႕စကားေျပာၾကတယ္။ သတၱဝါျဖစ္လာမွေတာ့ ဒီေန႔မေသ၊ ဟိုေန႔ေသမွာပဲ ဟိုေန႔မေသလည္း ေနာက္ေန႔ေသရမွာပဲ။ ဒါကိုေတြးေၾကာက္ေနလို႔ ဘာအက်ိဳးရွိမွာလဲ၊ အသက္ရွင္ေနထိုင္ခြင့္ရခိုက္မွာ ေပ်ာ္ေပ်ာ္ေနရမယ္၊ေကာင္းေကာင္းစားရမယ္၊ စိတ္ဆင္းရဲၿပီး ပိန္ခ်ဳံးေနတဲ့အထိေတာ့ အျဖစ္မခံႏိုင္ဘူး စတဲ့ စကားေတြေစာင္းေျမာင္းေျပာၾကတယ္။ ဘယ္လိုပဲေျပာၾကေျပာၾက သူကေတာ့ ဘာမွျပန္မေျပာဘူး။ သူ႔ဆုံးျဖတ္ခ်က္အတိုင္း အစာမစားဘဲ ေနၿမဲေနတယ္။”ဘယ္သူမွန္လို႔ ဘယ္သူမွားတယ္ဆိုတာ တစ္ေန႔အေျဖေပၚလာလိမ့္မယ္ ” လို႔ပဲ စိတ္ထဲက ႀကဳံးဝါးေနတယ္။ သိပ္မၾကာလိုက္ဘူး၊ သူႀကိဳတင္ေတြးဆထားတဲ့အတိုင္းပဲ၊ အျဖစ္အပ်က္ေတြ ျဖစ္ပ်က္လာတယ္။ မုဆိုးေကြၽးတဲ့ အစားအေသာက္ေကာင္းေတြကို စိတ္ႀကိဳက္စားၿပီး ဝၿဖိဳးလာတဲ့ ငုံးေတြဟာ တစ္ေကာင္ၿပီးတစ္ေကာင္ဆိုသလို ဝယ္သူေတြ လက္ထဲပါသြားၾကတယ္။ႀကဳံလွီေနတဲ့သူ႔ကိုေတာ့ ဘယ္သူကမွ မဝယ္ဘူး၊ေယာင္လို႔ေတာင္ လက္ညိဳးထိုးပျပၾကဘူး၊ဒီလိုနဲ႔ ေနာက္ဆုံးမွာသူတစ္ေကာင္ကလြဲၿပီး ေလွာင္အိမ္ထဲက ငုံးေတြအကုန္လုံး ဝယ္ယူသူေတြေနာက္ပါသြားၾကတယ္။ ေလွာင္အိမ္ထဲမွာ ပိန္ခ်ဳံးေနတဲ့သူတစ္ေကာင္တည္းက်န္ခဲ့တယ္။” ဒီေကာင္တအား ပိန္ခ်ဳံးေနပါလား၊ အစာလည္းတစ္ရက္မွ စားတာမေတြ႕ဘူး၊ ေနမ်ား မေကာင္းလို႔လား ..”မုဆိုးဟာ ေလွာင္အိမ္တံခါးကိုဖြင့္ၿပီး သူ႔ကိုထုတ္ယူတယ္။ လက္ဝါးတစ္ဖက္ေပၚတင္ၿပီး ေသေသခ်ာခ်ာၾကည့္တယ္။ ဒီအခ်ိန္မွာပဲ”ဖလူး..”႐ုတ္တရက္ ငုံးငွက္ဟာ လ်င္ျမန္တဲ့အဟုန္နဲ႔ ပ်ံသန္းသြားတယ္။ မုဆိုးဟာ အံ့အားသင့္ၿပီး က်န္ေနတယ္။ ေတာ္ေတာ္ၾကာမွ ငုံးငွက္ရဲ႕ ပရိယာယ္ကို သေဘာေပါက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္ေမာလိုက္သတဲ့။ Moral – ပညာရွိသူဟာဉာဏ္နဲ႔ေဘးအႏၲရာယ္ကလြတ္ေအာင္ႀကံေဆာင္ေလ့ရွိတယ္။